Myanmar Language English Language

သြဂဲနစ်စိုက်ပျိုးရေး 2008 (Organic Agriculture)

posted date :- 2013-08-26 17:51:46 by admin
နှစ်အနည်းငယ်အတွင်းပရဆေးဘက်နှင့်စိုက်ပျိုးရေးဆိုင်ရာ သြဂဲနစ်လက်မှတ်များ(Organic Certificates)ကို မြန်မာကုမ္ပဏီတစ်ချို့ ရရှိခဲ့ကြောင်းနှင့် သြဂဲနစ် စားပင်သီးပင်များကို ဧကထောင်ချီ၍ စိုက်ပျိုးနေကြကြောင်း သတင်းတစ်ချို့ကို ဖတ်ရှုမိပါသည်။


ပုံမှန်အားဖြင့် သစ်သီး ၊ ဟင်းသီးဟင်းရွက် ၊ အသားငါး ဥနှင့် နို့ထွက်ပစ္စည်းများတွင်  သြဂဲနစ်တံဆိပ် (Organic Label) ကပ်ထားပါက ဈေးအနည်းငယ် ကြီးပါသည်။ အနံ့အရသာ ပိုမိုကောင်းမွန်လတ်ဆတ်၍  အဟာရ ပြည့်ဝသည့်အပြင် ဘေးထွက် ဓါတုဆေးဝါးဆိုးကျိုးမရှိ ကျန်းမာရေးနှင့် ညီညွတ်သည်ဟု နားလည်ကြပါသည်။

ယခုအခါ အသီးမှည့်ဆေး ၊ အရောင် ဆိုးဆေးများနှင့် ရောင်းပန်းလှ၍ နီတိကျင့်ဝတ် မညီသော ဈေးကွက် အပြု အမူများကို စားသုံးသူများ ပိုမိုကြုံတွေ့ သတိထားမိလာကြသည်။
 
မြန်မာနိုင်ငံတွင်သာ မဟုတ် တစ်ကမ္ဘာလုံး ဖြစ်ပွားနေသော လူတို့၏အခြေခံ စားသောက်ရေးကိစ္စ လူမှုနစ္စဓူဝ ကိစ္စ ဖြစ်ရာ စိတ်ချလုံခြုံမှုရှိနိုင်သော နည်းလမ်းများကို ရှာဖွေလာရသည်။
 
ထို့ကြောင့် လူတစ်ချို့က သြဂဲနစ်စားသုံးမှုဓလေ့ဘက်သို့ ပြောင်းရွေ့ ကြသည်။ တစ်ချို့က ပိုနေမြဲ ကျားနေမြဲ။ တစ်ချို့က သိစိတ်ရှိရှိ တစ်ချို့က ဖက်ရှင်ယဉ်ကျေးမှုသဖွယ် ဘဝနေဟန်ကို ပုံဖော်လာကြသည်။
 
ယေဘုယျအားဖြင့် ကမ္ဘာ့ သြဂဲနစ်ဈေးကွက်မှာ တစ်ဖြည်းဖြည်း ကြီးထွားလာရာ အမေရိကန်နိုင်ငံတွင် သာမန်ရိုးကျ စားသောက်ကုန်ဈေးကွက် အားလုံး၏ ၃ ရာခိုင်နှုန်း ၊ ဥရောပနိုင်ငံများတွင် ၇ရာခိုင် နှုန်း  ဈေးကွက်ဝေစု ရှိပါသည်။ အာရှတွင် ဂျပန်ဈေးကွက်သည် အကြီးဆုံး ဖြစ်သည်။ တရုတ် ၊ စင်ကာပူ မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင် အားကောင်းစ ပြုလာသလို မြန်မာနိုင်ငံတွင်လည်း စိုက်ပျိုးသူတစ်ချို့ ရှိလာပါသည်။ မြန်မာနိုင်ငံတွင် ဈေးကွက်ပီပီပြင်ပြင် မရှိသေးသော်လည်း ဆက်စပ်အခြေအနေများအရ သြဂဲနစ် စိုက်ပျိုးရေးဈေးကွက် အလားအလာကောင်းများ ရှိနေပါသည်။ သြဂဲနစ်၏ အနက်သဘော ဖွင့်ဆိုချက်များကို အမျိုးမျိုးတွေ့ရှိနိုင်သော်လည်း ယေဘုယျ ဝိသေသများမှာမူ တူညီ ကြပါသည်။ သြဂဲနစ်ဟု တံဆိပ်တပ်နိုင်ရန် အမှီအခိုကင်း၍ ဂုဏ်သိက္ခာရှိသောသြဂဲနစ် လက်မှတ်ထုတ်ပေးရေး ကြားခံ အဖွဲ့အစည်း တစ်ခုခု ရှိရပါသည်။
 
သြဂဲနစ်လက်မှတ် ရယူလိုသောတောင်သူ(ဝါ) ကုမ္ပကီများသည် ထိုအဖွဲ့အစည်း တစ်ခုခုတွင် မှတ်ပုံတင် ပြီးနောက် ချမှတ်ထားသော သြဂဲနစ် စည်းမျဉ်းစည်းကမ်းများကို ၃-၅ နှစ်အထိ လိုက်နာ စိုက်ပျိုးထုတ်လုပ် ပြီးမှသာလျင် သြဂဲနစ် တံဆိပ်တပ်ခွင့် ရှိပါသည်။ ထို့နောက် သြဂဲနစ် စိုက်ပျိုးထုတ်လုပ်မှု စံနှုန်းများအတိုင်း လက်မှတ်များကို သက်တမ်းတိုးသွားရန် လိုအပ်ပါသည်။
 
အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေး ကြားခံ အဖွဲ့အစည်းသည် ဥပဒေပြုထားသော နိုင်ငံလုံးဆိုင်ရာ သြဂဲနစ် စံနှုန်း(National Organic Standard)များ အတိုင်း မှတ်ပုံတင်ထားဆဲ တင်ထားသူများကို ကြပ်မတ် လမ်းညွန်
အကူအညီပေးရပါသည်။ သြဂဲနစ်စံနှုန်းများသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲလွဲမှု အနည်းငယ်ရှိတတ်ရာ လုပ်ထုံးလုပ်နည်းတစ်ချို့ ခြားနားတတ်ပါသည်။
 
မြန်မာနိုင်ငံတွင် သြဂဲနစ်လက်မှတ်ထုတ်ပေးသော အဖွဲ့အစည်းရှိသော်လည်း လူသိမများလှ။ သင်တန်းတိုများ ဖွင့်လှစ်၍ သြဂဲနစ်နည်းပညာများ ဖြန့်ဝေပေးနေသော်လည်း ကျယ်ကျယ်ပြန့်ပြန့်မရှိလှ။ သာမန် စားသုံးသူ
မဆိုထားနှင့် လယ်ယာဥယျာဉ်ခြံပြုလုပ်သူ တောင်သူများ ကိုယ်တိုင်ပင် သိသူရှားပါးလှပါသည်။
 
ယေဘုယျအားဖြင့် မြန်မာနိုင်ငံ၏လူဦးရေ သန်း ၆၀ တွင်အဝလွန်ခြင်းနှင့် ပုံမှန်ထက် အဟာရ ဓါတ်ချို့တဲ့ခြင်း ဖြစ်စဉ်များကို အသက်အရွယ်မရွေး ဝိရောဓိဖြစ်ဖွယ်တွေ့ရှိရသည်။ လူတစ်ဦး၏နေ့စဉ် အဟာရဓါတ် လိုအပ်မှုမှာ အာရှသားများအတွက်၂၃၅၀ ကယ်လိုရီ ဖြစ်ပါသည်။

အသားငါးဟင်းသီးဟင်းရွက်တို့ကို စားသုံးခြင်းဖြင့် တစ်နေ့တာ လိုအပ်ချက်ကို ဖြည့်ဆည်းရမည် ဖြစ်ရာ မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာ ထုတ်လုပ်မှုအပိုင်းမှာ ဖူလုံပါသည်။ တစ်နည်းအားဖြင့် ဆီစားသုံးမှုမှလွဲ၍ လိုအပ်သော သားငါး ဆန် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဖူလုံမှု (Food Security) ရှိပါသည်။
 
သို့ရာတွင် စားနပ်ရိက္ခာပိုင်စိုးမှု  (Food Sovereignty) ပြဿနာ ရှိနေပါသည်။ သန်း ၆၀ အတွက် ဖူဖူလုံလုံ ရှိသော်လည်း ဆင်းရဲသူ ဝင်ငွေနည်းပါးသူ လူဦးရေ၏ ၃၀%  ကျော်မှာ စားသောက်ရေးအတွက်ကိုပင် မနည်း ရုန်းကန်နေရပါသည်။ အဟာရမပြည့်ဝ ဈေးပေါသော ကျန်းမာရေးနှင့် မသင့်လျော်သော အစား အသောက်များ ကို စားသုံးနေရပါသည်။ လမ်းပန်းဆက်သွယ်ရေး မလွယ်ကူသော ချင်းပြည်နယ် ရခိုင်ပြည်နယ် နှင့်  ရှမ်းပြည်နယ် တစ်ချို့ဒေသများတွင် ဖြန့် ဖြူးမှု (Distribution) ပြဿနာများရှိနေပါသည်။
 
ဆန့်ကျင်ဘက်အားဖြင့် အစားအသောက်ရွေးချယ်ခွင့် (Food Choice) ရှိသော ဝင်ငွေမြင့်မား၍ လက်လှမ်း မှီသောသူတစ်ချို့မှာလည်း ဘဝဟန်ပန်(Life Style)အရ အဝလွန်ခြင်းများ ရှိပြန်ပါသည်။ အဟာရပြည့်ဝ၍ ကျန်းမာရေးနှင့် ညီညွတ်သော အစာအဟာရ စားသုံးနိုင်ရေးသည် လူတို့၏ အခြေခံအကျဆုံး အခွင့်အရေး တစ်ရပ် ဖြစ်ပါသည်။

(Food Security) သည် ရုပ်ပိုင်းဆိုင်ရာ မြင်သာထင်သာရှိသော တန်ဖိုးဖြစ်လျင် (Food Sovereignty) သည် လူတို့၏ စိတ်ပိုင်းဆိုင်ရာမွေးရာပါ လူ့ဂုဏ်သိက္ခာတစ်ရပ် ဖြစ်ပါသည်။
 
ယခုအခါ အစာအဟာရ သို့မဟုတ် စိုက်ပျိုးရေးဆိုင်ရာထုတ်ကုန်တို့ကို ကုန်စည် (Commodity) အစား ဥပဓိအမှတ်အသား (Identity) ၊ ဈေးကွက် ဈေးနှုန်းများအစား လှုမှုယဉ်ကျေးမှုပစ္စည်းများ( Cultural Goods) အဖြစ် အသိတရားရှိရှိ နေစဉ့်လှုနေမှုဘဝ၌ စားသောက်သုံးစွဲကြရန် တိုက်တွန်းမှုများ ရှိလာပါသည်။
 
ဥပမာအားဖြင့် အာရှတိုက်အတွက် ဆန်သည် ကုန်စည်တစ်ခုထက် ပိုပါသည်။ ဆန်နှင့်ပတ်သတ်သော ယဉ်ကျေးမှု ဓလေ့များအာရှနိုင်ငံတိုင်း၌ အနည်းအများဆိုသလို ရှိပါသည်။ ထမင်းအသက် ၇ ရက် ဆိုသော စကားသည် မည်မျှ အလေးထား တန်ဖိုးရှိကြောင်း ပြသနေပါသည်။
 
မီဒီယာများ၏ဖော်ထုတ်မှု၊သက်ဆိုင်သူ အာဏာပိုင်များ၏ ဖွင့်ဆိုအရေးယူမှုတစ်ချို့နှင့် အများလူထုကိုယ်တွေ့
အဖြစ် အပျက်များမှနေ၍ ဈေးကွက်၏ မသမာမှုများကို ယခုအခါ ပိုမိုတွေ့ရှိလာကြသည်။ အကင်ဆိုးဆေးများ ၊ တိုင်းရင်းဆေး အရောအနှောများ ဟင်းသီးဟင်းရွက် သစ်သီးဝလံတို့တွင်တွေ့ရသော ဓါတုဓါတ်ကြွင်းများ စသည့်အစာအဟာရဆိုင်ရာစိတ်ချရမှု (Food & Herbal Safety) နှင့် လူတို့၏ ကျန်းမာရေးကိစ္စများ အတွက်မေးခွန်း ထုတ်ခံလာရပါသည်။
 
ဥပမာအားဖြင့် မွေးမြူရေး ကြက်ဝက် သားငါးတို့ထက် သဘာဝသားငါးများကို အိမ်ရှင်မများရှာဖွေ စားသုံးလေ့ ရှိပုံမျိုး  ဖြစ်ပါသည်။ယင်းဖြစ်ရပ်များသည် ဈေးကွက်ဈေးနှုန်းကုန်စည်ဆိုင်ရာ ကျင့်ဝတ်မဲ့မှု နှင့် လှုမှုစံနှုန်း ချို့တဲ့မှုတစ်ချို့၏ ရလဒ်များ ဖြစ်ပါသည်။
 
မြန်မာနိုင်ငံ၏ လက်ရှိအနေအထားအရ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ထုတ်လုပ်ရေးလုပ်ငန်းများ အရှိန်မြှင့်ရန် တာစူ နေရာဓါတ်မြေသြဇာ ၊ ပိုးသတ်ဆေး ၊ သားငါးအသားတိုးဆေး ၊ အသီးအပွင့်အရွက်တိုးဆေးစသော ဓါတုပစ္စည်းများ ၊ဟော်မုန်းနှင့် ပဋိဇီဝဆေးသုံးစွဲမှု နှုန်းထားများ မုချတိုးတတ်လာမည် ဖြစ်ပါသည်။
 
တရုတ်နိုင်ငံတွင် ဓါတ်မြေသြဇာသုံးစွဲမှုသည် တစ်နှစ် မတ်ထရစ်တန် ၅၀ သန်းခန့် ၊ ဥရောပတွင် မတ်ထရစ် တန် ၁၇သန်း ၊ အမေရိကန်နိုင်ငံတွင် မတ်ထရစ်တန် ၁၀ သန်းကျော်နှင့် ဗီယက်နမ်နိုင်ငံတွင် ၃ သန်းကျော် သုံးစွဲနေရာ မြေကြီးနှင့်ရေရင်းမြစ်ဆိုင်ရာ ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာများ ရှိပါသည်။

ဓါတု ဓါတ်ကြွင်းဆိုင်ရာ သို့မဟုတ် ကင်ဆာနှင့် ပတ်သတ်သော ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပွားကြောင်း  တွေ့ရှိရပါသည်။ ဟော်မုန်းအားတိုး ဆေးကျွေး၍ မွေးမြူသော အမဲသားများကို စားသုံးခြင်းဖြင့် ၇ နှစ်နှင့် အပျိုဖော်ဝင် စောသော ဖြစ်ရပ်ဆန်းများဖြစ်ပွားလာကြောင်း လေ့လာသိရှိလာကြပါသည်။
 
မြန်မာနိုင်ငံ၏ ဓါတ်မြေသြဇာသုံးစွဲမှုသည်တစ်နှစ်လျှင် မတ်ထရစ်တန်ချိန် ၂သိန်းခွဲခန့်သာရှိရာ အိမ်နီးချင်း
နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အဆပေါင်းများစွာ နည်းပါးနေသေးသော်လည်း ယင်း၏နောက်ဆက်တွဲ ဆိုးကျိုး များကို ထည့်သွင်း စဉ်းစားရန် လိုပါသည်။
 
မြန်မာနိုင်ငံ၏ လက်ရှိစိုက်ပျိုး မွေးမြူရေး လုပ်ငန်းများတွင် အလယ်လူများသော ဖြန့်ချီရေး (Distribution) ၊ ဈေးကွက်ရှာဖွေရေး (Marketing) ၊ အရင်းအနှီး (Capital Investment) ၊ နည်းပညာ(Technology) ကဲ့သို့သော သွင်းအားစုရင်းမြစ်များ နှင့် ဗဟုသုတသတင်းအချက်အလက်ဆိုင်ရာ အားနည်းချက်များ ရှိနေပါသည်။
 
စက်မှု လယ်ယာကူးပြောင်းရေးကို အားပေးသော မူဝါဒများလည်းရှိနေရာ ဓါတုဆေးဝါး ဘေးထွက်ဆိုးကျိုးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ယိုယွင်းမှု ဆိုးကျိုး အလွန်နည်းပါးသော စားသုံးသူ /တောင်သူ နှစ်ဘက်စလုံး ယုံကြည် စိတ်ချအကျိုးရှိသော သြဂဲနစ် စိုက်ပျိုးမွေးမြူရေးကဲ့သို့သော လုပ်ငန်းများကိုလည်း တွန်းအားပေးသင့် လှပါသည်။
 
ပမာပုံဆောင်ရသော် ငှက်ပျော်သီးတစ်ဖီး ၁၀၀၀ ကျပ်တွင် ကိုယ်တိုင်စိုက်ပျိုးသူတောင်သူများက ၁၀၀ ကျပ် နှင့် လက်လီရောင်းချသူများ (Retails) က  ၄၀၀ ကျပ် ရရှိပါသည်။ လက်ကားဖြန့်ချီသူ ကုန်သည်ပွဲစား ၂၀၀ ကျပ် ၊
ထုပ်ပိုးသိမ်းဆည်း တင်ပို့ခ ၁၅၀ ကျပ်နှင့် သယ်ယူပို့ဆောင်ရေးစရိတ် ၈၀ - ၁၅၀ ကျပ် အထိ အသီးသီးပါဝင် နေပါသည်။ နောက်ဆုံးအဆင့် စားသုံးသူများ (End Users ) က ငှက်ပျော်သီးတစ်ဖီး ၁၀၀၀ ကျပ်နှင့် ဝယ်ယူစားသုံးရပါသည်။
 
မြန်မာနိုင်ငံလူဦးရေ၏ ၆၅ % ကျော်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ၌ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်လုပ်ကိုင်နေကြရာ ဖွဲ့စည်းပုံ (Agriculture Structure) အရ တောင်သူများမှာ အကျိုးအမြတ် အနည်းဆုံးရရှိသူများ အဖြစ် တွေ့ရှိနိုင်ပါသည်။ တစ်နည်းအားဖြင့် လက်လီရောင်းချသူ
နှစ်ဦးရှိလျှင် အလယ်လူနှစ်ဦးနှင့် လက်တွေ့ စိုက်ပျိုးသူတစ်ဦးသာ ရှိပါသည်။
 
မြန်မာတောင်သူ ၈၀ % ကျော်မှာ ပျမ်းမျှ ၂ ဧက အောက်သာ လယ်ယာလုပ်ငန်း လုပ်ကိုင်နိုင်ရာ လက်ဝါးကြီးအုပ် ကြီးစိုးမှု (Monopoly)ဖြစ်နိုင်သော ကန်ထရိုက်လယ်ယာစနစ် Contract Farming ကိုဆောင်ရွက်မည် ဆိုပါကလည်း စီးပွားရေး ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၊သဘာဝရင်းမြစ် ( Natural Resources )နှင့် လူမှုရင်းမြစ် (Social Capital ) အမြတ်ထုတ်မှုများမှ အကာအကွယ်ပြု ပံ့ပိုးပေးနိုင်ရန်နှင့် တစ်နည်းအားဖြင့် လူမှုအကျိုးပြု (Social Contract Farming) စနစ်များ ဖြစ်ထွန်းလာစေရန် ကြပ်မတ် အကောင်အထည်ဖော်ရမည် ဖြစ်ပါသည်။
 
တစ်ခြားတစ်ဘက်၌လည်း သြဂဲနစ်စိုက်ပျိုးရေး ၊ (Bio Dynamic) စိုက်ပျိုးရေး ၊ (Natural Farming) သဘာဝ စိုက်ပျိုးရေး စသော ရေရှည်စဉ်ဆက်မပြတ် ဖွံဖြိုးနိုင်သောစိုက်ပျိုးရေး(Sustainable Agriculture) နည်းစနစ်များကို အားပေးခြင်းအားဖြင့် ပိုမိုမြင့်မားသော အာမခံ ဈေးနှုန်းများကို တောင်သူများ ရရှိနိုင်သည့် အပြင်လယ်သမားဈေးများ(FarmerMarkets)တိုက်ရိုက်ဖွင့်လှစ် ရောင်းချခြင်းဖြင့်အပိုစရိတ်များကို လျော့ချနိုင်မည်  ဖြစ်ပါသည်။

 
ဝယ်ယူစားသုံးသူများအနေနှင့်လည်း ဘေးကင်း၍ စိတ်ချယုံကြည်ရသော လတ်ဆတ်၍ အဟာရပြည့်ဝသော စားသောက်ကုန်များကို ဈေးနှုန်းသင့်တင့်စွာ လက်လှမ်းမီစေနိုင်မည်ဖြစ်ပါသည်။ ပြန့်ကျဲသေးငယ်နေသော
တောင်သူစားသုံးသူတို့၏ကိုယ်ပိုင်အသံများကိုပဲ့တင်ထပ်နိုင်သော လမ်းကြောင်းများပေါ်ပေါက်လာရေးသည် (Autonomous Spaces) လိုနေသော ကွက်လပ်များကို ဖြည့်ဆည်းခြင်း ဖြစ်ပါသည်။

မင်းစစ်အိမ်