Myanmar Language English Language

ရွှေဝါစပါး

posted date :- 2013-08-26 18:02:48 by admin
ထမင်းအသက် ခုနှစ်ရက် ဟူသော စကား ရှိသည်။


မြန်မာလူမျိုးတိုင်း တစ်နေ့ထမင်းတစ်နပ် ၊ နှစ်နပ်အနည်းဆုံးစားကြသည်။ မစားရလျှင် အာသာမပြေတတ်။ လူအများစုစားသုံးကြသော ကြိတ်ခွဲပြီးသား ဆန်ဖြူသည် ဆန်ညို၊ ဆန်ကြမ်းလောက် အဟာရတန်ဖိုး မပြည့်ဝ။ ဆန်ဖြူ ၊ ဆန်ညိုတို့အပြင် ဆန်ရွေဝါ သို့မဟုတ် ရွှေဝါစပါးတစ်မျိုးပေါ်ထွန်းလာပြီ။

 

ရွှေဝါစပါးသည် သာမန်ရိုးကျ စပါးမျိုးနှင့်မတူ။ ဇီဝနည်းပညာဖြင့် ဖန်တီးထားသော ဗီဇပြောင်းပစ္စည်း Genetic Mordified product တစ်မျိုးဖြစ်သည်။ တီထွင်ထုတ်လုပ်သူ နှစ်ဦးမှာ ဆွစ်ဇာလန်ပါမောက္ခ Dr.Ingo Potrykus နှင့်ဂျာမဏီ Freiburg University  မှ Dr.Peter Beyer တို့ဖြစ်ကြသည်။

 

 ရွှေဝါစပါးနှင့်ပတ်သက်၍ ဇီဝနည်းပညာမျိုးဆက်များအကြောင်း အနည်းငယ် ရှင်းပြလိုသည်။ရွှေဝါစပါးသည် ဇီဝနည်းပညာ၏ နောက်ဆုံးပေါ် တတိယမျိုးဆက်  Generation Three လည်းဖြစ်သည်။ စိုက်ပျိုးရေးဆိုင်ရာ ဇီဝနည်းပညာတွင် ဓားပြီး ၊ တုတ်ပြီးသကဲ့သို့ပေါင်း ၊ မှို ၊ ဖျက်ပိုးပြီးသော စားပင်သီးနှံများသည် ၁၉၉၀ နှစ် များတွင် ပေါ်ပေါက်လာပါသည်။

ယင်းကာလများကို ဇီဝနည်းပညာ၏ First Generationဟု ယေဘုယျ သတ်မှတ်ပါသည်။

 Commercial ကျယ်ကျယ်ပြန့်ပြန့်အသုံးချနိုင်သောအဆင့်ဟု ဆိုပါစို့။

 ဒုတိယမျိုးဆက် Generation Two သည် အပင်တို့၏ ကောင်းဂုဏ် နှင့် ဗီဇတို့ကို ထိန်းချုပ်ထားသော နည်းပညာ Terminator & Traitor Technology သုံးစားပင် သီးနှံများ ဖြစ်ပါသည်။ ယင်းအပင်များကိုတောင်သူတို့ မျိုးထားရန် မဖြစ်နိုင်ချေ။ အစေ့ယူ ပြန်စိုက်လျှင်လည်း အပင်ပေါက်မည် မဟုတ်ပေ။ မျိုးစေ့ကုမ္မဏီကြီးများထံမှ တစ်ခါစိုက်ပြီးတိုင်း မျိုးဝယ်ယူရန် လိုအပ်ကြပါသည်။ ဤနည်းဖြင့် မျိုးစေ့ကုမ္မဏီကြီးများက အမြတ်ကြီးစွာရရှိလေရာ ကော်ပိုရိတ်ကြီးစိုးမှု ဟုဝေဖန်မှုများ ရှိပါသည်။

 

ရွှေဝါစပါးကဲ့သို့သော တတိယမျိုးဆက် Generation Three ကိုမူ Pharm Crop ၊ Functional Food ၊ Antibody ထုတ်လုပ်သော Antiplant စသည်ဖြင့်သင့်သလိုအမည်တပ်၍ခေါ်ဆိုကြပါသည်။ R & D  (Research and Development) အဆင့်၌ပင် ရှိနေသေးသည်ဟုပင် ဆိုရပါဦးမည်။ Commercial Level မဟုတ်သေး။ သို့မဟုတ် ထုတ်လုပ်ရန် စရိတ်ကြီးနေသေးသည်။

Bio Fuels အိပ်မက်တချို့သည် ဤတတိယမျိုးဆက်၌ အကြုံးဝင်ပါသည်။

 

 

ရွှေဝါစပါးသည် ပရိုဗီတာမင်အေ (beta-carotene) အဓိက ပါဝင်သော စပါးဖြစ်သည်။ သာမန်ရိုးကျ စားသုံးနေသော ဆန်စပါးတွင် ပရိုဗီတာမင်အေ မပါဝင်ပေ။ WHO ၏အဆိုအရ ကလေးငယ် သန်းပေါင်းသုံးရာခန့်သည် ဗီတာမင်အေ ချို့တဲ့ခြင်း Vitamin A Deficiency - VAD ဝေဒနာခံစားနေရသည်။ ကလေးငယ် ၅သိန်းခန့်နှစ်စဉ် အမြင်အာရုံ ဆုံးရှုံးလျက် ရှိပါသည်။ VAD တိုက်ဖျက်ရေး၌ ရွှေဝါစပါးသည် မဟာဗျူဟာ လက်နက် တစ်ခုဖြစ်လာရမည်ဟု ဆိုသူက ဆိုပါသည်။ သဘောမတူသူတို့က ငြင်းခုံကြပါသည်။

 
တီထွင်သူတို့၏အဆိုအရ -

၁ ။ ရွှေဝါစပါးစေ့ထဲရှိ အစေ့တွင်းစာ Endosperm ထဲတွင်သာ ပရိုဗီတာမင်အေကို ထုတ်လုပ်ပါသည်။

၂ ။ သာမန်ရိုးကျ စပါးစေ့များတွင်  geranylgeranyl diphosphate-GGDP ကိုသာထုတ်လုပ်ပါသည်။

၃ ။ ရွှေဝါစပါးတွင် GGDP ကို Pro Vitamin A (beta-carotene) အဖြစ်ပြောင်းလဲရန် အင်းဇိုင်းများကို အသုံးပြုပါသည်။

၎ ။ အင်းဇိုင်းများရရှိရန် နှင်းပန်းအနွယ်ဝင် Daffodil ၏ မျိုးဗီဇနှစ်ခုနှင့်ဘက်တီးရီးယား Erwinia uredovara ၏ မျိုးဗီဇတစ်ခုကို စပါးပင်၏ Genome ထဲ ထည့်သွင်းပေးရပါသည်။

၅ ။ မျိုးဗီဇ ထည့်သွင်းရာတွင် အသုံးပြုသောနည်းပညာကို မျိုးဗီဇပြောင်းလဲအစားထိုးခြင်း Transgenic Technology ဟုခေါ်ပါသည်။

၆ ။ GGDP မှ ProVitanmin A (beta-carotene) သို့ ပြောင်းလဲရာတွင် အဆင့်လေးဆင့် ရှိသည်။

 

- Daffodil မျိုးဗီဇမှ ထုတ်လုပ်သော Phytoene synthase အင်းဇိုင်းက GGDP ၏ မော်လီကျုးနှစ်ခုနှင့် ဓါတ်ပြုရာ  Phytoene ကိုရရှိပါသည်။

- Phytoene မှ Lycopene သို့ပြောင်းလဲစေရန် ဘက်တီးရီးယား Erwina uredovara ၏ မျိုးဗီဇမှ ထုတ်လုပ်သော Phytoene desaturase အင်းဇိုင်းကို အသုံးပြု ပါသည်။ အဆင့်နှစ်ဆင့် ဓါတ်ပြုပြီးနောက် Lycopene ကို ရရှိပါသည်။

- ရရှိလာသော Lycopene ကို Daffoli ၏မျိုးဗီဇတစ်ခုမှ Lycopeneb-cyclase အင်းဇိုင်းနှင့် ဓါတ်ပြုစေပါသည်။

 

ဤနည်းဖြင့် စပါးပင်၏ အစေ့တွင်းစာအတွင်း Pro Vitanmin A (beta-carotene) ကို ထုတ်လုပ်နိုင်ခြင်း ဖြစ်ပါသည်။ သို့ဖြစ်ရာ ရွှေဝါစပါးသည် ပရိုဗီတာမင်အေ (beta-carotene) ပါဝင်သောကြောင့် ဖြူလည်း မဖြူ ၊ ညိုလည်းမညိုသော ရွှေဝါရောင် အဆင်းရှိ စပါး သို့မဟုတ် ဆန်ဖြစ်လာရသည်။ ရွှေဝါဆန်ကို ချက်ပြုတ်စားသောက်ခြင်းဖြင့် ဆန်အတွင်းရှိပရိုဗီတာမင်အေသည်
ပြိုကွဲသွားမည်။ ထို့နောက် ဗီတာမင်အေ ( Ritinol ) အဖြစ် ခန္ဓာကိုယ်ကလက်ခံရရှိမည် ဖြစ်ပါသည်။

 VAD ခံစားနေရသော ကလေးမိခင် လူကြီးများအနေနှင့် ၄င်းတို့နေ့စဉ်စားသုံးသော အစာအဟာရတွင် အပိုကြေးမကုန် ၊ အခြား ဖြည့်စွက်စာများမလို ၊ ထမင်းစားမြဲအတိုင်း စားရုံ မျှနှင့် ဗီတာမင်အေ ပြည့်ဝလာမည်။

အမြင်အာရုံဆုံးရှုံးမှုများလျော့ချလာနိုင်မည် ဖြစ်ပါသည်။ဤတွင်ထွက်ပေါ်လာသော မေးခွန်းတစ်ခုမှာ ရွှေဝါစပါး အနေဖြင့် ဗီတာမင်အေပမာဏ မည်၍မည်မျှ ထောက်ပံ့ပေးနိုင်သလဲ ဟူ၍ ဖြစ်ပါသည်။

 Green peace၏ ထုတ်ပြန်ချက်တစ်ခုအရ လူတို့၏နေ့စဉ် ဗီတာမင်အေ လိုအပ် ချက်ပြည့်မီရန် ရွှေဝါ ဆန်ထမင်း ၉ ကီလိုဂရမ် စားသုံးဖို့ လိုပါ သည်။ နို့ချိုတိုက်ကျွေးရသော မိခင်များအနေနှင့် ၁၈ ကီလို ဂရမ်ခန့်နေ့စဉ် စားသုံးဖို့ လိုအပ်ပါသည်။ လူတစ်ဦး၏တစ်နေ့ပုံမှန်ထမင်းစားသောက်နိုင်မှု ပမာဏသည် ၃၀၀ ဂရမ် ရှိသည်ဟု ဆိုပါသည်။ ပုံမှန်အတိုင်းရွေဝါဆန်ကိုစားပါက နေ့ စဉ် ဗီတာမင်အေလိုအပ်ချက်၏ ၈ % ကို သာရရှိမည်။ ၁၀၀% ရရှိရန်မှာ တစ်နေ့ထမင်းငါးနပ်မှ ရှစ်နပ်အထိစားသုံးဖို့ လိုအပ်မည်ဖြစ်ပါသည်။   

 အဆိုပါ green peace ၏ထုတ်ပြန်ချက်ကို တီထွင်သူတစ်ဦးဖြစ်သော Dr.Potrykus က အောက်ပါ အချက်အလက်တချို့နှင့်ပြန်လည် ဖြေရှင်းခဲ့ပါသည်။

  ၁ ။ ရွှေဝါရောင်စပါးကို လူသားချင်းဆိုင်ရာ ကူညီထောက်ပံရန် ရည်ရွယ်သည်။

၂ ။ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ရန် သုတေသနလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရမည်။

၃ ။ ကမ္ဘာ့ဆင်းရဲသားများ လက်လှမ်းမီိစေရန် မဟာဗျုဟာများ လက်တွေ့ချမှတ် လုပ်ဆောင်ရမည်။

၎ ။ ရွှေဝါဆန်သည် Vitamin A ၏ေ န့စဉ်လိုအပ်ချက် Recommanded Daily Allowance - RDA ကို ၁၀၀ % အပြည့်ထောက်ပံနိုင်ရန် မရည်ရွယ်။ RDA Range ၏ ၂၀-၄၀ % အထိ ရရှိနိုင်သော Supplement Dietသာ ဖြစ်သည်ဟု ဆိုပါသည်။

 
သူကပင် ရွှေဝါဆန် စားသုံးခြင်းဖြင့် ခန္ဓာကိုယ်က တုံ့ပြန်ရရှိသော Vitamin Aပမာဏကို အသေးစိတ် လေ့လာရန် Bioavailablity study ၊ ရွှေဝါဆန်နှင့် တခြားဒေသခံမျိုးများ ရောနှောရာ မှပေါ်ထွန်းလာသော ဆင့်ပွားမျိုးဆက်များ၏တုံ့ပြန်မှုကိုကျယ်ကျယ်ပြန့်ပြန့်လေ့လာရန် ၊ တခြားသော GM food များကဲ့သို့ Rule & Regulation များစောင့်ကြည့် ပြုလုပ်ရန် လိုအပ်နေသေးကြောင်း ပြောဆိုခဲ့ပါသည်။  

 
တီထွင်သူတို့၏ ရည်ရွယ်ချက်သည် မွန်မြတ်လှ၍ အဆိုးမြင်ဖွယ်ရာ မရှိ။ စိုးရိမ်စရာ ရှိသော အချက်တချို့မှာ ကော်ပိုရိတ်တို့၏ အမြတ်ထုတ်ယူလိုမှု ၊ ကျင့်ဝတ်နီတိဆိုင်ရာ ပြဿနာများ  Bioethics နှင့် Genetic Mordified ဗီဇပြောင်းပစ္စည်း များ၏ ဘေးထွက်ဆိုးကျိုးအန္တရာယ်များ ဖြစ်ပါသည်။

 Humanitarian ရည်ရွယ်ချက်နှင့် ရွှေဝါစပါးကို လွတ်လပ်စွာအသုံးပြုနိုင်ရန် ( သို့မဟုတ် ) ဒေါ်လာ တစ်သောင်းအောက် လည်ပတ်သော လယ်ယာစီးပွားရေးလုပ်ငန်း Small farm scales တို့တွင် သာ တောင်သူတို့ အနေနှင့် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဖြစ်ရာ အရင်းအနှီးကြီးမားသော Commercial လုပ်ငန်းများအဖြစ် လုပ်ကိုင်ရန် အခွင့်အလမ်း ရှိမည် မဟုတ်ပေ။

 
ရွှေဝါစပါး  ၏ Commercial လိုင်စင်ကို Astra Zeneca နှင့်  Novartis ကုမ္မဏီနှစ်ခု Merger လုပ်ထားသော Syngenta က ပိုင်ဆိုင် ချုပ်ကိုင် ထားသောကြောင့်ဖြစ်ပါသည်။  မည်သို့ဆိုစေ Golden Rice Humanitarian Board အဖွဲ့ကို ၂၀၀၁ ခုနှစ်မတ်လတွင် Dr. Ingo Potrykus ကစတင် ဖွဲ့စည်းခဲ့ပါသည်။ သုတေသနလုပ်ငန်းများကိုလည်း အင်စတီကျုးရှင်းများနှင့် လက်ရှိပူးပေါင်းဆောင်ရွက်နေပါသည်။

 အငြင်းအခုံတို့မည်မျှရှိစေကာမူ ရွှေဝါစပါး၏ အိပ်မက်အနာဂတ်ကတော့ ရွှေရောင် ဝင်းမှည့်နေသည်ဟုပင် ယူဆရပါမည်။ ကမ္ဘာ့လူသားများအနေနှင့် အိပ်မက် အစစ်အမှန် ဟုတ်မဟုတ် ကွဲကွဲ ပြားပြား သိရှိရန်   စောင့်ဆိုင်းနေရဦးမည် ဖြစ်ပါသည်။  

 မင်းစစ်အိမ်  

 ref : www.biotech.iastate.edu   
www.cls.casa.colostate.edu   
www.croptechnology.unl.edu
www.biotech-info.net